Sunday, June 28, 2009

အလွမ်းည (၅)

တမ်းတနေဆဲပါ ချစ်သူရယ်....
အမြဲတမ်းပဲပျော်ရွှင်စွာနဲ့
ပြောခဲ့တဲ့စကားတွေ
အမြဲတမ်းပြုံးနေတတ်တဲ့
မင်းရဲ့မျက်ဝန်းတွေကို....။

ဒါတွေဟာ
ညှို့စားခဲ့တာ
မဟုတ်ခဲ့ပေမယ့်
ရိုးသားစွာနဲ့ပဲ
ငါ့ ကို
စွဲလန်းစေတာ....။

မင်းက ငါ့ကို
မဖျားယောင်းခဲ့ပေမယ့်
ပျော်ရွှင်ဖော်ရွေတတ်တဲ့
မင်းရဲ့ပုံရိပ်တွေက
ငါ့ ရဲ့
နက်ရှိုင်းတဲ့နှလုံးသားတနေရာမှာ
သိမ့်မွေ့စွာနှင့်ပဲ
ကိန်းဝပ်နေလေရဲ့....။

အခုတော့
မင်းနဲ့ဝေးနေရတဲ့
ငါ့ဘဝမှာ
အိပ်ပျက်တဲ့ညတွေကို
အဖော်ပြုရင်းနဲ့
လက်တွေ့ဆန်တဲ့
အလွမ်းသမားအဖြစ်နဲ့
ကာရန်မညီတဲ့
အလွမ်းကဗျာတွေကိုဖွဲ့ရင်း
အိပ်မက်ထဲမှာတောင်မှ
မျက်ရည်တွေကျနေရပြီ....။

အိပ်မက်ထဲမှာတောင်မှ
မင်းကိုတွေ့ဖို့ဆိုတာဝေးပေါ့
အိပ်ပျော်အောင်ကြိုးစားလိုက်တိုင်း


ခပ်ကြောင်ကြောင်
အတွေးနဲ့ပဲ
ငါ စဉ်းစားမိတယ်
မင်းလည်း ငါ့လိုများ
သတိရနေမလားလို့လေ...။

အခုလို
လွမ်းရလို့
အိပ်ပျက်တဲ့ ညတွေမှာ
မင်းပေးထားတဲ့
မင်းရဲ့ဓာတ်ပုံတွေဟာ
ငါ့ အတွက်
အားပေးဖော်ဖြစ်တယ်...။

မနေနိုင်လောက်အောင်
ဝမ်းနည်းသတိရတဲ့အခါတိုင်းမှာ
မင်းရဲ့ဓာတ်ပုံကိုကြည့်လိုက်ရင်
လှပစွာနဲ့ပြုံးနေတဲ့
မင်းရဲ့ဓာတ်ပုံတွေဟာ
ငါ့ ဘဝအတွက်
ဖြေသိမ့်မှုကိုအမြဲပေးခဲ့တယ်...။

တမ်းတလွမ်းဆွေးနေရတယ်
ချစ်သူရယ်
အမြဲတမ်းပဲ ပျော်ရွှင်စွာနဲ့
ပြောခဲ့တဲ့ မင်းရဲ့စကားတွေကိုလေ....။

......................
၂၈-၆-၂၀၀၉

12:25 pm

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP