မင်းနားလည်ပါ
ငါဟာ
ဘယ်သူ့ဆီမှာမှ
လက်ဖြန့်ပြီး
အကူအညီမတောင်းဖူးပေမယ့်
အရှက်တရားမဲ့စွာဖြင့်
မင်းဆီကအကူအညီကို
ငါ တောင်းခဲ့တယ်…။
ချစ်သူရယ်
တကယ်တော့
ငါဟာ
မင်းဆီကအကူအညီကိုလိုချင်လို့
မင်းကိုချစ်ခဲ့တာမဟုတ်ပါ…။
ပြီးတော့
ချစ်သူရယ်
ငါမင်းကိုချစ်ခဲ့တာက
အပျော်သဘောနဲ့
ချစ်ခဲ့တာလည်းမဟုတ်ပါ…။
ငါ့ ဘဝမှာ
ချစ်သူဆိုတာ
မင်းကလွဲပြီး
ဘယ်သူမှ မရှိခဲ့သလို
နောက်ထပ်ပြီးလည်း
ငါ့ရဲ့နှလုံးသားမှာ
ဘယ်သူမှာရှိတော့မှာမဟုတ်ပါ…။
ချစ်သူရယ်
နေ့ရက်တွေကြာလာတာနှင့်အမျှ
မင်းကိုဆုံးရှုံးသွားမှာကို
ငါပိုပြီးစိုးကြောက်လာတယ်…။
ချစ်သူရယ်
ပင်ယံမှာထည်ဝါနေတဲ့
မင်းဘဝဟာ
စုတ်ပြတ်သတ်နေတဲ့
ငါ့လိုလူတယောက်နဲ့
မထိုက်တန်ဘူးဆိုတာ
ငါ အစကတည်းကပင်
အလိုလိုသိနေခဲ့တယ်…။
ပြီးတော့
ငါ့လို စုပ်ပြတ်သတ်နေတဲ့ဘဝထဲကို
မင်းဝင်လာဖို့ခက်နေမယ်ဆိုတာလည်း
ကြိုတင်ပြီးသိခဲ့တယ်…။
ဒါပေမယ့်
ချစ်သူရယ်
သိရက်သားနဲ့
မင်းတယောက်တည်းကိုမှ
ရူးမိုက်စွာစွဲလန်းချစ်နေလေတော့
မင်းထားခဲ့ရင်လည်း
ငါ့ထိုက်နဲ့ ငါ့ကံတရားပါ…။
ဘယ်တုန်းကမှ
မကျခဲ့ဖူးတဲ့မျက်ရည်တွေ
အခုတော့
တနေ့တနေ့ မင်းကိုလွမ်းလို့
ကျမျက်ရည်ဆိုတာလည်း
မဆန်းတော့ပါဘူး…။
ငါ့ဘဝမှာ
မင်းတယောက်တည်းကိုပဲ
စွဲစွဲလန်းလန်းချစ်နေတာကလွဲပြီး
ဘာမှမရှိလေတော့
”ချစ်တာတခုတည်းနဲ့
ဘဝကိုတည်ဆောက်လို့
ရမယ်လို့ မင်းထင်လား” ဆိုတဲ့
မင်းပြောခဲ့တဲ့ စကားက
ထာဝရပဲ
ငါ့ကိုခြောက်လှန်နေတယ်
ချစ်သူရယ်…။
……………
၁၀-၀၉-၂၀၀၉
၃:၂၀ pm
0 အကြံပြုချက်တွေ:
Post a Comment