Sunday, September 13, 2009

မင်းဟာ ငါ့ဘဝပဲ
……………..

ချစ်သူရယ်..
ဟိုတုန်းကတော့
မင်းနဲ့ငါဟာ အွန်လိုင်းမှာ
နေ့တိုင်းတွေ့လို့
ချစ်စကားတွေ
ပြောမဆုံးနိုင်ခဲ့ပေါ့…။

တနေ့တာမတွေ့ရရင်
နေလို့မရခဲ့တဲ့ ငါတို့အကြားမှာ
ငါ အွန်လိုင်းမတက်တဲ့နေ့တွေမှာ
မင်းကမြဲတမ်းပဲ ဖုန်းဆက်ခဲ့သလို
ငါလည်း ဖုန်းကလေးကိုင်လို့
နေ့တိုင်းမျှော်နေခဲ့ပေါ့…။

အခုအချိန်မှာတော့
မင်းဆီကဖုန်းလာမယ်ဆိုတာဝေးလို့
အွန်လိုင်းမှာတောင်မှ
မင်းကရှောင်ပုန်းနေပြီပေါ့…။

ချစ်သူရယ်
ငါဟာ မင်းအတွက်
အချစ်ဦးတယောက်မဖြစ်ခဲ့သလို
အချစ်ဆုံးသူတယောက်လည်း
ဖြစ်ခဲ့မှာမဟုတ်ပါဘူးနော်…။

ဒါပေမယ့် ချစ်သူရယ်
မင်းဟာ ငါဘဝအတွက်တော့
အချစ်ဦးသူတယောက်ဖြစ်သလို
အချစ်ဆုံးသူဆိုတာလည်း
မင်းပါပဲချစ်သူ…။

ကြမ်းတမ်းခက်ထန်ပြီး
နွေကန္တာရလို့ခြောက်သွေ့နေတဲ့
ငါ့ရဲ့ဘဝထဲကို
မင်းလိုပြည့်စုံတင့်တယ်ထည်ဝါနေတဲ့
လူတယောက်အတွက်
ဝင်လာဖို့ခက်နေလိမ့်မယ်ဆိုတာ
ငါ ကြိုတင်ပြီး သိခဲ့ချစ်သူ…။

ဒါပေမယ့်
ချိုသာတဲ့ မင်းရဲ့စကားတွေ
အေးမြတဲ့ မင်းရဲ့အပြုံးတွေအောက်က
ငါ ရုန်းထွက်လို့မရခဲ့ဘူး…။

ချစ်သူရယ်
တကယ်လို့များ မင်းဟာ
ငါ့ဘဝထဲကအပြီးပိုင်ထွက်သွားမယ်ဆိုရင်
မင်းတယောက်ကိုမှ စွဲလန်းစွာချစ်နေရတဲ့
ငါ့ ဘဝအတွကတော့
မျှော်လင့်ချက်တွေဆိတ်သုဉ်းလို့
အနာဂတ်ဆိုတာလည်း ဝေးပေါ့…။

ဘာပဲဖြစ်ဖြစ် ချစ်သူ
မင်းဘဝကောင်းစားဖို့
မင်းဘဝအေးချမ်းဖို့ အတွက်
ငါ့ ကိုပစ်ထားခဲ့မယ်ဆိုရင်လည်း
ကိုယ့်ချစ်သူရဲ့ဘဝ ကောင်းစားဖို့အရေးမို့
မင်းပေးခဲ့တဲ့ လွမ်းဆွေးမှုဝေဒနာတွေကို
ဘဝဆုံးတိုင် ရင်မှာပွေ့ပိုက်ရင်နဲ့
ငါခွင့်လွှတ်မြဲပါ ချစ်သူရယ်…။

……………..
၁၃-၀၉-၂၀၀၉

၃း ၉ pm

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP