Friday, July 9, 2010

ဝေဒနာကဗျာ

“နွယ်”ရယ်..
ကြယ်ကြွေသောည အကာလမှာ
လောကတိတ်ဆိတ် လူတွေအိပ်လည်း
အိပ်စကမရ ဒဏ်ခက်လှတဲ့
ဘဝအရေး စိတ်ကတွေးပြီး
ရင်ထဲကသွေးနေရတယ် “နွယ်”ရယ်။

လမင်းထိန်ထိန် သာနေချိန်ဝယ်
မငြိမ်စိတ်လေး ချစ်အရေးကြောင့်
အတွေးနှောင်မျှင် ရွှေလက်တင်၍
ကိုယ့်ရင်ထဲမှာ ရွှေလသာရယ်
ကဗျာလေးတွေ ပြောပေးပါလား
သူထံပါးကို ပြေးလွှားမြန်မြန်
စေတမန်ရယ် ခွန်းသံတွဲ့တွဲ့
နွဲ့နွဲ့ကလေး သဲသဲရွဲလို့
ဝေ့ဝဲချိုမြ ဂီတသံစဉ်
ပေးပို့ချင်တယ် “နွယ်”ရယ်။


အို… “နွယ်”ရယ်
နုသာရွှေလက် ပုဝါဖက်လို့
ညနက်သန်ခေါင် အမှောင်ပျိုးပျိုး
တရေးနိုးလည် ချစ်ကြိုးနှစ်ပင်
ချစ်ပွဲဝင်လို့ ချစ်ခင်စုံမက်
ဂဟေဆက်လို့ ချစ်သက်နွဲ့နွဲ့
ချစ်ရည်ရွှဲလို့ တွဲတွဲနှောင်နှောင်
ချစ်တယ်မောင်လို့ ဆိုယောင်စကား
အကိုနားမှာ
ကြားယောင်နေတယ် “နွယ်”ရယ်။

အို… “နွယ်”ရယ်
ဘယ်ဘဝက ရေစက်ချလို့
အမျှပေးဝေ ဆုံခဲ့လေလဲ
ခွဲဝေမရ သည်ဘဝမှာ
ချစ်ခဲ့ရသူ ကိုယ့်သည်းအူရယ်
မကြည်ဖြူလမ်း စိတ်ခွဲခြမ်းလို့
အသဲခွဲတမ်း မကစားနဲ့ကွယ်။

အို…
ကြယ်ကြွေသောည အကာလမှာ
စိတ်ကရော်ရမ်း နွယ်ကိုလွမ်းပြီး
တမ်းတလို့သာ ငိုနေပါတယ်
“နွယ်”ရယ်။
...............
၁၃-၀၆-၂၀၁၀
၁၂း၀၅

မှတ်ချက်။ ။ တိုက်ဆိုင်လို့ ငယ်ငယ်ကတည်းကပင် စာအုပ်ထဲမှာရေးမှတ်ထားတဲ့ကဗျာလေးကို ကူးလို့တင်ပေးလိုက်တာပါ။
မူလကလောင်ရှင်နာမည်ကိုတော့ မသိတော့ပါဝူး။

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP