Sunday, May 10, 2009

မေ့မရတဲ့“နွေ”ရက်လေး





ဟိုတုန်းက..
ငါဟာ..
နွေရာသီကိုမုန်းခဲ့တယ်...။

အခုတော့..
နွေဆိုတာ
ငါ့ဘဝမှာ ဆယ်ကမ္ဘာမေ့မရခြင်းတွေနဲ့
နွေကပေးခဲ့တဲ့ အလွမ်းတွေကို
နွေကပေးခဲ့တဲ့ အဆွေးတွေကို
ရင်မှာပွေ့ပိုက်ရင်း
ဥသြငှက်လို လွမ်းတေးဆိုရင်းနဲ့
နွေရဲ့အလှကိုပဲ
တမ်းတနေရတယ်...။

ရာသီတွေဘယ်လိုပြောင်းပြောင်း
ငါ့ရင်ထဲမှာတော့
မပြောင်းလဲတဲ့ အချစ်တွေနဲ့
ဟို....နွေရာသီက
ရက်ရာဇာနေ့တရက်ကိုပြန်တွေးရင်း
စိတ်ကူးနဲ့ရူးနေရတဲ့ဘဝ
ဟားတိုကစရာလို့ထင်လား...။

မေ့ဖို့ကြိုးစားလိုက်တိုင်း
နွေဦးရဲ့ လေညှင်းအနမ်းတပွင့်က
ငါ့နှလုံးသားကိုကိုင်လှုပ်နေလေရဲ့...။

နောက်ဆုတ်ဖို့
ဘယ်လောက်ပဲကြိုးစားကြိုးစား
ငါ့ခြေလှမ်းတွေကို ငါ့မပိုင်ဆိုင်တော့တဲ့ဘဝမှာ
ဘယ်လိုလုပ်ပြီး ရုန်းထွက်ရမှာလည်းလေ...။

အိပ်ဖို့ကြိုးစားပြန်တော့
နွေဦးရဲ့ပန်းချီကားတချပ်က
အိပ်မက်မှာတောင်
ငါ့ကို လန့်နိုးစောတယ်....။

မေ့ပစ်လိုက်ဖို့
ငါ ဘယ်လောက်ပဲကြိုးစားကြိုးစား
ပူပြင်းလှတဲ့ နွေရာသီထဲမှာ
သူပေးခဲ့တဲ့ အေးမြမှုတွေ
သူဆီကရခဲ့အကြင်နာတွေ
သူ့ဆီကပေးခဲ့အနမ်းလက်ဆောင်တွေ
ဒါတွေ ..ဒါတွေ..ဒါတွေ ဟာ
တထောင့်တညပုံပြင်တပုဒ်မဟုတ်ခဲ့သလို
အိပ်မက်ထဲက
အချစ်ပုံပြင်တပုဒ်လည်းမဟုတ်ခဲဘူး....။

ငါ့ဘဝမှာ
ဒီလိုအမှတ်တရများစွာတွေ
ဝေဆာနေတဲ့ နွေရာသီကို
မင်းက
ဘယ်လောက်ပဲ မေ့ပစ်လိုက်ဖို့ပြောပြော
ငါ့ရင်ထဲမှာတော့
မေ့မရခြင်းများစွာနှင့်
မင်းဆီက ရခဲ့တဲ့
အမှတ်တရများစွာကို
ရင်မှာပွေ့ပိုက်ရင်း
ထာဝရပဲ ရင်ထဲမှာ“နွေ”...။

၂၅.၄.၂၀၀၉

၁:၃၀ am (night)

(သတိရလွန်းလို့ရေးလိုက်တာပါ။)

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP